Local News, News

သာစည်မြို့ ရွှေစည်းခုံဘုရားတွင် ကြေးပိဿာ (၁၀၀)ရှိ ခေါင်းလောင်းကြီး ခိုးယူခံရ

1q16

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ခြောက်ခွဲရွာ ရွှေစည်းခုံဘုရား တောင်ဘက်ရှိ ကြေးပိဿာ ၁၀၀ ကျော်ရှိ ‌ခေါင်းလောင်းကြီး ဒီနေ့မနက် အခိုးခံလိုက်ရတယ်လို့ ရွှေစည်းခုံဘုရား ကျောင်းထိုင်ဆရာတော်က ပြောပါတယ်။

ကျောင်းထိုင်ဆရာတော်ဉူးတေဇောသာရက “ခြောက်ခွဲရွာနေ ဒေါ်အေးပုမိသားစုက လှူထားတာပါ။ လွန်ခဲ့တဲ့ ၁၉ နှစ်လောက်က လှူထားတာပေါ့၊ အဲတုန်းကကို ၁၀ သိန်းကျော်လောက် ကုန်ကျထားတယ်။ အခုနေဆို သိန်း ၂၀ ကျော်လောက် ကုန်မှာပေါ့။

ဘုန်းကြီးက ရွှေယင်မျှော်ဘုရားမှာ ပဋ္ဌာန်းရွတ်နေတာ၊ ဉူးဇင်းဉူးစိတ္တရက ဖုန်းဆက်ပြောတယ်၊ အဲဒါနဲ့ ဟံဇားရဲစခန်း အကြောင်းကြားတယ် စခန်းမှူးနဲ့ အဖွဲ့လာသွားတယ်” လို့ မိန့်ပါတယ်။

ဟံဇားရွာရဲစခန်း တာဝန်ကျရဲဝန်ထမ်းက “ခိုးယူသွားတဲ့ ကြေးခေါင်းလောင်း အမြန်ဆုံး ပြန်ရအောင် စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။

ဒေသခံကိုညိုကြီးက “မြန်မာလူလူမျိုးတွေရဲ့ ဘုရားတွေမှာ လုံခြုံရေးအားနည်းတယ်။ ဒုက္ခသည်ပဲ ဖြစ်ဖြစ်၊ ဘုရားဖူးပဲဖြစ်ဖြစ် အချိန်မရွေး ဝင်နိုင်ထွက်နိုင် တည်းခိုးနိုင်တယ်။ အဲတော့ ခိုးမယ့်သူက အလွယ်လေး ခိုးလို့ ရနေတယ်” လို့ ပြောပါတယ်။

မိတ္ထီလာခရိုင်အတွင်းမှာ တစ်လအတွင်း ကြေးပိဿာ ၁၀၀ ကျော်ရှိ ခေါင်းလောင်း ၃ လုံး အခိုးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

သာစည်မြို့နယ်အတွင်းမှာ ဇူလိုင် ၃၁ ရက်က ဝမ်းသာရွာ ဖောင်တန့်နားစေတီရှိ ကြေးပိဿာ ၁၀၀ ကျော်တဲ့ ကြေးခေါင်းလောင်း ၁ လုံး အခိုးခံရပြီး အခုအခိုးခံရတာ သာစည်မြို့နယ်ထဲမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။

သြဂုတ် ၈ ရက်နေ့ကလည်း မိတ္ထီလာမြို့နယ် သံဘိုအုပ်စု ကဘားတဲရွာ ဇိနမာရ်အောင်ဘုရားရှိ ကြေးပိဿာ ၁၀၀ ရှိ ခေါင်းလောင်း အခိုးခံခဲ့ရတာကြောင့် တလအတွင်း ကြေးခေါင်းလောင်း ၃ လုံး အခိုးခံခဲ့ရတာပါ။

သတင်း – မောင်မောင်လင်း (DVB)
လေးစားစွာဖြင့် ခရက်ဒစ်

Facebook Comments

1K Shares

Comments are Closed

Theme by Anders Norén

1K Shares
Share1K
Tweet
Share